သက်ဝင်လှုပ်ရှား ရုပ်ပုံများ

သက်ဝင်လှုပ်ရှား ရုပ်ပုံများ

Tuesday, November 22, 2011

အ၇က်ပြတ်တော့ အ၇ပ်ပျက်သတဲ့

ဒီပိုစ့်ကိုရေးရတာ မျက်ခုံးကခပ်လှုပ်လှုပ်ရယ် ။ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ထမင်းအိုးက ဒီအပေါ်မှာ မူ တည်နေတော့ ပြောမဲ့ သာပြောရ ကျောကသိပ်မလုံချင်ဘူး။ ယမကာလုလင် လို့ နာမည်ပေး ထားတဲ့ဆရာမင်းလူရဲ့ စာတစ်အုပ်ကို ဖတ်မိတုန်းက  ပြုံးခဲ့မိပေမဲ့ တကယ့်တကယ်တမ်း အရက်သမားလော ကကိုစစ်စစ် ပေါက်ပေါက် ကြည့်မိတဲ့အခါ မပြုံးနိုင်တော့ တာဝန်ခံမိပါရဲ့။ ဘာများထူးဆန်း လို့လဲလို့ ပြောကြမှာပဲ။ အရက်သမား ဆိုတာသောက် မယ်၊မူးမယ်၊ ရစ်မယ်၊တစ်ချို့က အေးအေးဆေးဆေးနဲ့ ဇိမ်ခံတတ်သလို တစ်ချို့ကျတော့လဲ ပတ်ဝန်းကျင်ကို ကလော်တုတ် လိုက်မှ  နေသာထိုင်သာ ရှိတတ်ကြတယ်. အဲသည်အရည်ကလေး ၀င်သွားရင်ပေါ့လေ.။
ပြောချင်တာက ကလေးတွေ အရက်သောက်တဲ့ ကိစ္စနဲ့မိန်းကလေးတွေ အရက်ဆိုင်ထိုင်တဲ့ကိစ္စ။ ငယ်ငယ်တုန်းကကိုယ့်ဖေဖေအရက်သောက်ဖို့  ပြည်သူ့ဘုံဆိုင်ကပေးတဲ့ဘီအီးတစ်ပိုင်းကိုရဖို့အရက်သမားတွေနဲ့အပြိုင်တန်းစီပြီးဝယ်ပေးခဲ့ရဖူးတယ်။
နောင်တော့ကိုယ်လဲအပျိုအရွယ်ကလေးဖြစ်လာ၊အရက်တွေကလဲတံဆိပ်မျိုးစုံတပ်လို့ပေါများစွာထုတ်လုပ်လာကြတော့
အရင်လိုဘုံဆိုင်ပြေးပြီးရေကြည်တော်ဝတ်ဖြည့်စရာမလိုတော့ဘူးပေါ့။ဒါပေမဲ့ဒီဘက်ခေတ်မှာ အရက် ဆိုင်ထဲကြည့်လိုက်ရင် ခပ်ငယ်ငယ်ကောင်လေးတွေဘီယာပုလင်းလေးတွေထောင်လို့ ၊တစ်ချို့မြို့ ထဲကစားသောက်ဆိုင်တွေ၊ပန်းခြံဥယျာဉ်တွေထဲမှာကောင်မလေးတွေကောင်လေးတွေပုလင်းလေး တွေထောင်ပြီး အရက်ဝိုင်းဖွဲ့တာကို မထူးဆန်းသလိုတွေ့လာရတယ်။ အသက်ဆယ့်ရှစ်နှစ်ပြည့်မှ အရက်ရောင်းပေး မယ်ဆိုတဲ့ ဥပဒေမြန်မာပြည်မှာရှိသလားဆိုတာ ကိုယ်မသိပါ။ ဒါပေမဲ့အဲဒီဥပဒေ ရှိနေရင်လည်း ၀ိသမလောဘသားတွေက ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး အရက်ရောင်းနေမယ်ဆိုတာကိုယ့်စိတ်ထဲက အလိုလိုကို သိနေမိတယ်။ ကိုယ်ဖတ်ဖူးတဲ့ သိပ္ပံမောင်ဝစာအုပ်ထဲမှာ ကစော်ရောင်းတဲ့လူတွေကိုဖမ်းပြီး ဒဏ်ငွေရိုက်တဲ့ ယစ်မျိုးဝန်ပြောစကားလေး သွားသတိရတယ်။ အခုဆောင်လိုက်ရတဲ့ ဒဏ်ငွေကိုနောက် ထပ် အရက်ချက်ပြီးလာဆောင်မှာပေါ့တဲ့။ ကိုင်း..ဘယ့်နှယ်ရှိစ..။ တနေ့တနေ့ပြနေတဲ့ ကိုရီးယားကားထဲမှာလဲ ကောင်မလေးတွေက အရက်မူး၊ကောင်လေးတွေက ကုန်းပိုးလိုက်ပို့၊ ဟာသကွက်လေးတွေရိုက်ပြပြီး ပေါ့ပါးနိုင်ကြပေမဲ့ မြန်မာပြည်လိုနေရာမှာ အဲဒီဇါတ်ကားတွေထဲကလို ကုန်းပိုးတဲ့အဆင့် မရောက်သေးပေမဲ့  ကောင်မလေးတွေ အရက်သောက်တာ မထူးဆန်းတော့သ လိုတွေးနေကြတာကိုတစ်စတစ်စမြင်လာနေရတယ်။
ဘီယာဟာအရက်မဟုတ်ဘူး ၊၀ိုင်ဆိုတာ သောက်ရင်မမူးဘူးလို့ ဆင်ခြေဆင်လက်တွေနဲ့ ၀ယ်ယူ လို့ရတဲ့နေရာတွေဒီလောက်တောင်လွယ်ကူနေတာဆိုတော့ သောက်တဲ့သူကိုပဲအပြစ်ဆိုရမလား ၊ထုတ် တဲ့သူကိုပဲအပြစ်ဆိုရမလား ဒါမှမဟုတ် အားလုံးအဆင်ပြေစေဖို့ ရောင်းချပေးတဲ့သူကိုပဲ နာရင်း အုပ်ပစ်ရမလားမသိ ဂျာအေးသူ့အမေရိုက် ဇါတ်ကြည့်ရသလိုဖြစ်နေ တာတော့အမှန်ပဲ။ တစ်ခါတစ်လေ အပေါင်းအသင်းတွေနဲ့ဆုံလို့ဆိုတဲ့အကြောင်းအရာကနေ
အစပြုပြီး နောက်တော့ အခါကြီးရက်ကြီးပါမရှောင်အရက် ရဲ့နွံထဲနစ် သွား သူတွေ ကိုယ့်မျက်စိရှေ့ တင်ဆိုတော့ သူတို့မိဘတွေ အစားရင် ပူမိတာအမှန်ပါပဲ။ယာမကာလုလင်တွေကတော့ ဟာသလုပ်ပြီးပြောကြ တယ်။ အရက်ပြတ်ရင် အရပ်ပျက်သတဲ့။ အခုတော့ အရက်တွေ ဗုန်းပေါလအောရနိုင်တဲ့ခေတ်ကြီးမှာ အရက်မပြတ်ပဲ အရပ်ပျက်ဖို့ နီးလာနေပြီလို့သာ အော် ပစ်လိုက်ချင်တာပါပဲ။

ရန်ကုန်လား ပျံကုန်လား

လွန်ခဲ့တဲ့ရက်က သတင်းတစ်ပုဒ်မှာဖတ်လိုက်ရတယ်.။ နောင်အနှစ်သုံးဆယ်အတွင်း ရန်ကုန်လူဦးရေဟာနောက်ထပ် ဆယ်သန်းလောက်ထပ်တိုးလာဖွယ်ရှိတယ်လို့ ပညာရှင်တွေက သုံးသပ်ကြတယ်တဲ့။ လက်ရှိလူဦးရေနဲ့ မဆန့်မပြဲဖြစ်နေတဲ့ ရန်ကုန်မြို့အတွက် ဒီသတင်းဟာ ဗူးလေးရာဖရုံဆင့်ဖြစ်လားမလားလို့ စိုးရိမ်မိသွားတယ်။ ဖွံဖြိုးဆဲစက်မှုဇုံတွေက သုံးစွဲမဲ့ လျှပ်စစ်ဓါတ်အားတွေ၊ ကြပ်ကြပ်တည်းတည်း ဘတ်စ်ကားတွေ ၊ ချိုင့်ခွက်အပြည့်နဲ့ လမ်းတွေ ၊ မြို့ရဲ့အကျယ်အ၀န်းကိုတဖြည်းဖြည်းချဲ့ယူနေတဲ့ မြို့ကွက်သစ်တွေက လူနေမှုစနစ်တွေမိုးတစ်ခါရွာလိုက်တာနဲ့ရက်ပေါင်းအတော်ကြာအောင်လျှံနေတဲ့တဲ့ ကားလမ်းမတွေနဲ့ ပြည့်နှက်နေတဲ့ရန်ကုန်မြို့အတွက် ဘယ်လိုစနစ်တွေ ကများဒီဒုက္ခတွေကို ဖြေရှင်းနိုင်ပါ့မလဲလို့စဉ်းစားရင်း အတော်ကို ဦးနှောက်ခြောက် သွားပါတယ်။ 
စင်ကာပူဟာ ယနေ့ကမ္ဘာမှာ မျက်နှာပန်းလှနေတဲ့ နိုင်ငံတစ်ခုပါ။ သူတို့ရဲ့ ဖခင်ကြီးမစ္စတာလီကွမ်ယု တည်ထောင်ပေးခဲ့တဲ့စင်ကာပူဆိုတဲ့ မြို့လေးတစ်မြို့ဟာ သူ့ကိုစတင်တည်ဆောက်ခဲ့စဉ်တုန်းက အပျိုကလေးတစ်ယောက်လို လန်းဆန်းတက်ကြွနေတဲ့သူ့ရဲ့ စီနီယာ ရန်ကုန်မြို့တော်ကြီး ရဲ့  မြို့ကွက်တွေကို အတုယူခဲ့တာပါဆိုပဲ။ စင်ကာပူဟာ မြို့ကွက်   နေရာအနေ အထားကျဉ်းမြောင်းပေ မဲ့စနစ်ကောင်းကိုကျင့်သုံးပြီး  ကောင်းတဲ့စနစ်ကို အမွေဆက်ခံခဲ့လေတော့ လူဦးရေ ဘယ်လောက်တိုးတိုး ခုချိန်ထိသူတို့ အပြုံးမပျက်ဖြေရှင်းပေးနိုင်နေ တုန်းပဲ။ ဒါဆို ကျွန်တော်တို့ကရော ။ လက်ရှိလူဦးရေ ဆယ်သန်းကိုတောင်မှ လုံလောက်အောင် မဖြန့်ဖြူးပေးနိုင်သေးတဲ့ ရေပေးဝေမှုစနစ် ၊ နွေရာသီရောက်တာနဲ့ အလှည့်ကျမီးပေးစနစ်ကို မျက်မှောက်ပြုရတာမျိုး တွေ နဲ့ ဆိုတော့ ပင့်သက်ရှုမိတာ မဆန်းဘူးလို့ပြော ရတော့မှာပဲ။
နေရာတစ်ကာမှာ အုပ်ချုပ်သူအစိုးရကို အပြစ်မြင်လို့လဲမရနိုင်ဘူးလို့ထင်မိတယ်။ စနစ်ကောင်းကြီးရှိနေပေမဲ့ ဒီစနစ်ကိုကျင့်သုံးရမဲ့ အရာထမ်းတွေမကောင်းရင်   အောက်ခြေက ပြည်သူ လူထုကလဲ နိုင်ငံကြီးသားပီသတဲ့စိတ်ဓါတ်မရှိရင် ဘယ်ပေတံနဲ့တိုင်းတိုင်း လူရာဝင်မှာ မဟုတ်ပါဘူး။ ခေတ်ကာလအရ ရုပ်ဝတ္ထုပစ္စည်းတွေ ပေါများလာတော့ ဇိမ်ခံပစ္စည်းဆိုတာကို လူတိုင်းနီးပါးသုံးစွဲချင်လာမယ်။ ကိုယ့်ရဲ့ သုံးစွဲနိုင်တဲ့ အကန့်အသတ်ငွေကြေးအရ မရမကရှာဖွေရင်း မတရားမှုတွေဖြစ်လာမယ်။ အများသောက်တာပဲဆိုတဲ့ မိုးခါးရေကို ကိုယ်ကပါ ပျော်ပျော်ကြီး လိုက်သောက်နေရင်တော့ အဲဒီနိုင်ငံဟာ တစ်သက်လုံး မုန့်လုံးစက္ကူကပ် ဇါတ်ထုတ်ကို  မိုးအလင်းကနေရတော့မှာပါပဲ။ စင်ကာပူကို ခုချိန်ထိမရောက်ဖူးသေးပေမဲ့ သူ့ရဲ့ နာမည်ကျော် စည်းကမ်းတွေ ကိုတော့ ကြားဖူးနားဝရှိနေတယ်။ ထိရောက်အောင် ပေးတဲ့ပြစ်ဒဏ်နဲ့ ပြည်သူတွေရဲ့ စည်းကမ်းတွေပေါ်မှာ လိုက်နာလက်ခံမှုက စည်းဝါးကိုက်နေတော့ သူတို့တိုင်းပြည်တိုးတက်နေတာဟာ မနာလိုစရာမဟုတ်ပေဘူး။ ကိုယ်တို့ဆီမှာလို ကားပေါ်ကနေလမ်းပေါ်ကွမ်းတံတွေး ဗျစ်ခနဲထွေးတာ ၊ လမ်းသွားရင် ကြုံရာမှာ အမှိုက်ချပစ်လိုက်တာ၊ ဓါတ်တိုင်တွေမှာ ပလူပျံအောင်ကြော်ငြာတွေ ကပ်တာ၊ပလက်ဖေါင်းပေါ်ကဈေးသည်တွေကြောင့် ကားလမ်းမပေါ်လမ်းတက်လျှောက်ရတဲ့ လူတွေနဲ့  ၊ပေးထားတဲ့အမှိုက်ပုံးကို လက်ကမြင်းပြီးရိုက်ခွဲထားတတ်တဲ့လူမျိုးတွေရှိတဲ့ အရေထူရန် ကုန်မြို့ဖြစ်နေတော့ ဒဏ်ငွေအနည်းအကျဉ်းတပ်ရုံမျှနဲ့တော့ ဇါတ်လမ်းက မပြတ်နိုင်ပေဘူးမလား။ 
ကိုယ့်စိတ်ကူးထဲလိုသာဆိုရင် အဖွဲ့တစ်ခုဖွဲ့ ထားဝယ်ကြိမ်လေးလုံးလောက်ပူးပြီး ကိုင်ခိုင်းထား ၊ အမှိုက်ချလား  ချရင် လူလယ်ကောင်မှာ ဖင်ချွတ်ရိုက် (ဆယ်ချက်) .၊ ကွမ်းတံတွေးထွေးလား ပါးကို ကြိမ်လုံးနဲ့ ဆယ်ချက်ရိုက်၊ ကားတွေပြိုင်မောင်းလား လူလယ်ကောင် ကြိမ်ဒဏ်အချက်တစ်ရာ အစရှိသဖြင့်ပေါ့ ခပ်စပ်စပ်လေးဆုံးမပေးလိုက်ရင် ဘယ့်နှယ်နေမလဲလို့ပေါက်ကရတွေးမိတယ်။ ဘာလို့ဒဏ်ငွေများများမဆောင်ခိုင်းလဲဆိုတော့ ဒဏ်ငွေပေးရင် ဒီငွေတွေက အပေါ်က ဖြတ်စား လာဘ်စားတွေ လက်ထဲရောက်သွားတော့ ပါနီထဲကရေ ပါနီထဲပြန်သွားဖြစ်နေ မှာစိုးတာကိုး ။ ရေရှည်ဖွံ့ဖြိုးဖို့ စီမံကိန်းဆိုတာကို စက္ကူထဲမှာ ချရေးရုံလောက် မှန်ပါတယ်ခင်ဗျ ..ဟုတ်ပါတယ်ခင်ဗျ ဆိုတာလောက်နဲ့ဆိုရင်တော့ ရန်ကုန်ဆိုတဲ့ မြိုံ့နာမည်လေးကို ပျံကုန်လို့သာ နာမည်ပြောင်း တပ်လိုက်စေချင်ကြောင်း အမှာစကားလေးပါးလိုက်ပါရစေခင်ဗျာ။